ငါတို့အားလုံးရဲ့ ဆရာ အပိုင်း(၃)
''----------ကလောင် ကလောင် ----------"
"ဟေး ကျောင်းဆင်းပြီဒိုးမယ်ဟေ့''
''လာမင်းတို့သုံးယောက် အခန်းထဲကလူတွေတစ်ယောက်မှအပြင်မထွက်နဲ့''
''မိဘတွေလာကြိုနေပြီဆရာ''
"ကောင်းပြီလေ မင်းတို့သွားလို့ရပြီအိမ်ကိုသေချာပြန်တိုင်ကြဦး ဒီနေ့အပြစ်ပေးခံရတဲ့အကြောင်း''
''ဘယ်လိုဆရာလဲဟာ မနက်ဖြန်တော့ ဒီဆရာ့အဖြစ်ကမလွယ်လောက်ဘူး''
''မနက်ဖြန်တော့အလုပ်ဖြုတ်စေရမယ် ငါ့အမေနဲ့တိုင်ပြောမယ်''
-ခုမှနားလည်လိုက်တာကတော့ ကျောင်းသားအများစုဟာ ဆရာသမားဆိုတာကိုပါမေ့နေကြပြီဆိုတာပဲ သားသမီးကိုရိုက်ရင် မကျေနပ်တဲ့မိဘတွေကြောင့်လည်းပါတာပေါ့ ခုလည်းမနက်ဖြန်ဘာတွေဖြစ်လာမလဲစောင့်ကြည့်ရဦးမယ်။
မနက်ခင်း ကျောင်းမတက်ခင်
ဇွဲထက်တို့ အလုပ်ရှုပ်နေကြလေပြီ။
အတန်းပိုင်ဆရာတွေ မမြဲနည်းများ ပြုလုပ်နေကြခြင်းဟုဆိုရပေမည်။
"ဟေ့ကောင်တွေမြန်မြန်လုပ် ဇေယျာညီ အံ့ဆွဲထဲကိုကြွက်ထောင်ချောက်ထည့် ခုံမှာ အပ်တွေစိုက်ထားကွာ မသိသာစေနဲ့''
ကိုယ့်ရှေ့မှာ အမှားလုပ်နေရင် ငြိမ်မခံနေတတ်သည့်ကျမ မှာရှိသည်။ဒါကြောင့်…
''နင်တို့ဒါ ဘာလုပ်နေတာလဲ''
''နင့်မျက်စိ မမြင်ဘူးလား''
''နင်တို့နော် နင်တို့''
"ရှင်းသန့် ပြောမနေနဲ့ဟာ ငါတို့ပါအမှုပတ်နေမယ်''
ဇွဲထက်တို့နှင့် ရန်မဖြစ်လို၍ ထိုနေရာတွင် ရပ်လိုက်ရသည်။ကြယ်စင်နှင့်သာ ဆက်၍ပြောနေမိသည်။
''မသိဘူးဟာ ဆရာတစ်ယောက်ကိုဒီလိုလုပ်ကြံဖို့ကြံတာတော့မကောင်းဘူးဟာ''
''အရင်ဆရာတွေတုန်းကလည်း ဒီလိုလုပ်တာပဲလေ''
"မတူဘူး ခွန်းသာ ဒီတစ်ခေါက်ဆရာလုပ်တာကမှန်တယ်"
"ဟုတ်တယ်ဖြူ ဒီတစ်ခေါက်လုပ်ရပ်ကိုလက်ပိုက်ကြည့်မနေနိုင်ဘူးဟာ''
''ဒီတော့ငါတို့လေးယောက်က ဘာလုပ်နိုင်မှာမို့လို့လဲ သူတို့ကအများစုလေဟာ''
''ရတု ပြောတာမှန်တယ် ငါတို့ဘာတတ်နိုင်မှာလဲ ''
လေးယောက်သား ခေါင်းချင်းဆိုင်ပြောဆိုရုံမှအပ ကျန်တာဘာမှမလုပ်နိုင်။ငွေရှိတဲ့ ဇွဲထက်တို့ဘက်တွင် လူအတော်များခြင်းဖြစ်လေသည်။ထိုစဉ် ဆရာဝင်လာသည်ဖြင့်၍ တိတ်ဆိတ်သွားရပြန်သည်။
''မူမပျက်စေနဲ့ ဟိုဆရာလာနေပြီ''
''အားလုံးမတ်တပ်ရပ် ဆရာ့ကိုနှုတ်ဆက်''
''မင်္ဂလာပါဆရာကြီး''
''အေး ထိုင်ကြ ထိုင်ကြ"
''ဆရာလည်း ထိုင်လေ''
ဇွဲထက်မှ ပြောလိုက်လေသည်။သို့သော် ဆရာသည် ဇွဲထက်ကို ချိုသာစွာပြုံးပြရင်း…
''အေးဆေးပေါ့ ဒီနေ့မင်းတို့ကိုပြောစရာရှိတယ် ဆရာ့နာမည်ကတော့ ကျော်စွာခေါင်ပါ ဒီကျောင်းရဲ့အဆိုးဆုံးကျောင်းသားတွေဆိုတာတော့ဆရာကြားပြီးပါပြီ ကဲမင်းတို့နာမည်တွေကို တစ်ယောက်ချင်းဆီမိတ်ဆက်ပေး ''
''ဆရာက နာမည်တွေသိနေစရာမလိုတော့ပါဘူး''
''ဆရာကတော့သိဖို့လိုအပ်တယ်လို့ထင်တာ မိုးစက်''
ဆရာ၏ စကားကြောင့် အံ့သြရပြန်သည်။
မနေ့ကမှရောက်လာတဲ့ဆရာက မိုးစက်နာမည်ကို သိနေခြင်းကြောင့်ပင်။မိုးစက်ကိုယ်တိုင်ကလည်း အံ့သြတုန်လှုပ်စွာဖြင့်…
''ဟင် ဆရာကကျနော့်နာမည်ကိုသိတယ်''
''သိတာပေါ့ကွာ ကဲပါနာမည်တွေမိတ်ဆက်ပေး''
''နာမည်စာရင်းတွေအံဆွဲထဲမှာရှိတယ်ဆရာ''
ဇွဲထက် ၏ အကြံသည် တစ်ခုပြီးတစ်ခုပင်။
အံဆွဲထားတွင် ကြွက်ထောင်ချောက်ရှိသည်ကို
ဆရာမှလွဲ၍ ကျမတို့သိနေပေမဲ့ ပြောပြ၍မရ ခေါင်းသာ ငိုက်ပြီးနေရလေသည်။သို့သော်
ဆရာသည် တည်ငြိမ်ပြတ်သားသည်။လုပ်စရာအလုပ်ကိုပဲ ဆက်လုပ်နေသည်။
''ငါပြောတာသုံးခွန်းပြည့်တော့မယ် ထရှေ့ဆုံးတန်းကဇေယျာညီ''
''ဆရာ ကျနော့်နာမည်လည်းသိတယ်''
''နောက်တစ်ယောက်ထ''
"နောင်နောင်ပါဆရာ'
''ရတုပိုင်ပါဆရာ''
ဒီလိုနဲ့နှုတ်ဆက်ခြင်းပြီးသွားလေသည်။သို့သော် မကြာပါဘူး။ဇွဲထက်၏ အမေဖြစ်သူရောက်လာချေပြီ။အားလုံးရင်ခုန်စွာ ငေးမောကြည့်နေမိသည်။
''ဒီအတန်းပိုင်ဆရာနဲ့တွေ့ချင်လို့''
''ဟုတ်ကဲ့ဝင်ခဲ့ပါ''
မိဘအားကိုးနဲ့ မိုက်နေတဲ့ ဇွဲထက်တို့အဖွဲ့ကတော့ ပြောလို့ရွှင်လို့ အော်ဟစ်၍တောင်နေလေသည်။ကျမတို့အားလုံး၏ အကြည့်သည် အရှေ့ရှိ ဆရာနှင့်ဇွဲထက်အမေဆီသာ ဆုံချက်တည်နေမိသည်။
''ငါ့အမေလာပြီကွ ဒီဆရာတော့ပြုတ်စော်နံပြီ ''
ဇွဲထက်အမေမှာ မျက်နှာထားတင်းတင်းဖြင့် ဆရာ့အားကြည့်ကာ မေးလိုက်လေသည်။
''ဒီကဆရာနာမည်က ''
''ဟုတ်ကဲ့ကျော်စွာခေါင်ပါ အစ်မက''
''ကျမက ဇွဲထက်ရဲ့အမေပါ'
''ဟုတ်ကဲ့ ဒါနဲ့ခုဘာကိစ္စကြောင့်များလဲမသိဘူး''
''မနေ့က ကျမသားကိုဆရာရိုက်လိုက်တဲ့ကိစ္စကိုမကျေနပ်လို့လာပြောတာ''
''အစ်မကို ကျနော်တစ်ခုပြောချင်တယ် အစ်မသားကိုအစ်မတစ်ကယ်ချစ်တာလား''
''ကျမသားပဲ ကျမချစ်တာပေါ့''
''အခုကချစ်ရာမရောက်ပဲနှစ်ရာရောက်နေတယ်အစ်မ သြော် မေ့နေတာ အစ်မထိုင်ခုံမှာထိုင်လေ မောနေတဲ့ပုံပဲ ကျနော် ထိုင်ခုံသွားယူလိုက်ဦးမယ် ထိုင်လေ"
ဆရာ့၏ မျက်လုံးများသည် အလွန်စူးရှတောက်ပ၏။တစ်ခုခုကို ကြိုသိနေသလား ထင်မှတ်ရလောက်သည်။ဇွဲထက်အမေ ထိုင်ခုံမှာ ထိုင်မည်အပြု ဇွဲထက်မှ ဟန့်တားလိုက်လေသည်။
''အမေ မထိုင်နဲ့''
''သား စကားဝင်မပြောနဲ့ အား…''
ဇွဲထက်အမေ ထိုင်ခုံမှာ ထိုင်လိုက်သည်နှင့် အသံစူးရှစွာ အော်ဟစ်လေသည်။အကြောင့်မှာထိုင်ခုံတွင် ထိုးစိုက်ထားသော အပ်များကြောင့်ဖြစ်သည်။ဒါဟာ ဇွဲထက်တို့အဖွဲ့၏ လုပ်ရပ်ပင်။ဇွဲထက်အမေလည်း ရှက်ရှက်နဲ့ ဆရာ့အားလက်ညိုးထိုးကာ…
''ရှင် ရှင်ကျောင်းဆရာဖြစ်ပြီးယုတ်မာလှချည်လား''
''ဘာဖြစ်လို့လဲအစ်မရဲ့''

Comments
Post a Comment